Aura Crystals

 အားလုံးပဲ မင်္ဂလာပါရှင်။ Ruby Mo Mo Jewelry စာမျက်နှာလေးကနေ ဒီနေ့ မျှဝေပေးသွားချင်တာကတော့ စိတ်ဝင်စားဖို့ကောင်းပြီး တမူထူးခြားတဲ့ကျောက်လေးတွေအကြောင်းပဲ ဖြစ်ပါတယ်။ သူတို့တွေကို “Aura Crystals” လေးတွေလို့ခေါ်ပြီး ဒီ Crystal လေးတွေဘယ်လိုဖြစ်လာတယ်၊ ဘာအကျိုးကျေးဇူးတွေပေးနိုင်တယ် ဆိုတာတွေကို ဒီပို့စ်လေးမှာ အကျယ်တဝင့် ဆွေးနွေးရှင်းပြပေးသွားမှာ ဖြစ်ပါတယ်။

Aura Crystals

မူလအခြေခံကျောက်တစ်မျိုးမျိုးရဲ့ အပေါ်ယံအလွှာကို ခေတ်မီ အဂ္ဂိရတ်အတတ်ပညာနဲ့  ဖြူနီပြာဝါ သက်တံ ရောင်စုံဖြာအောင် ဖုံးအုပ်ကာရံလိုက်တဲ့အခါမှာ Aura Crystal လေးတွေ ဖြစ်ပေါ်လာပါတယ်။ ဒါကြောင့်မို့လို့ သူတို့လေးတွေကို ပိုမိုကောင်းမွန်အောင် ပြုပြင်မွမ်းမံထားတဲ့ ကျောက်လေးများ (သို့) “Enhanced Crystals” လို့လည်း ခေါ်ကြပါသေးတယ်။ 

Aura Crystals လေးတွေဘယ်လိုဖြစ်လာတာလဲ?

ပထမဦးစွာ မူလသလင်းကျောက်လေးတွေကို အပူချိန် ၈၀၀ ဒီဂရီ ဆဲလ်စီးယပ်စ်ရှိတဲ့ လေဟာနယ်အခန်းထဲကို ထည့်လိုက်ပါတယ်။ အဲ့ဒီ့နောက် ကြေးနီ၊ ရွှေ၊ ငွေ၊ တိုင်တေးနီယမ် အစရှိတဲ့ အဖိုးတန်သတ္တုများ ပါဝင်တဲ့ ရေငွေ့တွေနဲ့ ပေါင်းခံပေးကာ Aura Crystals လေးတွေကိုပြုလုပ်ကြလေ့ရှိပါတယ်။ ဒီလိုလုပ်တဲ့အချိန်မှာ အင်မတန်ကို ဂရုစိုက်ဖို့ လိုပါတယ်။ ဘာလို့လဲဆိုတော့ ကွဲအက်ရာပါတဲ့ ကျောက်လေးတွေဟာ မြင့်မားတဲ့ အပူချိန်ကို ခံနိုင်ရည် မရှိတတ်တာမျိုးတွေကြောင့် ဖြစ်ပါတယ်။ လူသိများတဲ့ အရောင်လေးတွေကတော့ အဏ္ဏဝါရောင်လွှာ (aqua aura) နတ်သမီးရောင်လွှာ (angel aura) ခရမ်းစွဲ ရောင်လွှာ (amethyst aura) သက်တံရောင်လွှာ (rainbow aura) နဲ့ တိုင်တေးနီယမ်ရောင်လွှာ (titanium aura) စသည်ဖြင့်အမျိုးမျိုးရှိကြပါတယ်။

အပေါ်ယံ ရောင်လွှာ အမျိုးမျိုးရှိသလို Aura Crystals လေးတွေဟာလည်း မူလအခြေခံကျောက်ပေါ်မူတည်ပြီး အမျိုးအစား ကွဲပြားသွားတတ်ကြပါတယ်။ ဒီိလိုလုပ်ဆောင်ရာမှာ သလင်းကျောက် (Quartz) ခရမ်းစွဲကျောက်(Amethyst) ဘူမိကျောက် (geode) နဲ့ ပုံဆောင်ခဲကျောက် (cluster) တို့ကို အခြေခံကျောက်လေးတွေအနေနဲ့ အသုံးပြုလေ့ရှိကြပါတယ်။ Aura Crystals လေးတွေမှာ အသုံးပြုထားတဲ့ အခြေခံကျောက်ရဲ့ စွမ်းအားတွေသာမကဘဲ အခြားထပ်တိုးစွမ်းအင်လေးတွေလည်း ရှိနေတတ်လို့ အဆောင်ကျောက်အနေနဲ့ ဆင်မြန်းလေ့ရှိတတ်ကြပါသေးတယ်။

Aura crystals အမျိုးအစားများနှင့် အကျိုးကျေးဇူးများ

Aura Crystals ကျောက်အမျိုးစားများနဲ့ ရရှိနိုင်တဲ့ အကျိုးကျေးဇူးများကို ဆက်လက်ရှင်းပြပေးပါမယ်။ ပထမဦးစွာ ရှင်းပြပေးချင်တာကတော့ နတ်သမီးရောင်လွှာ (သို့) Angel Aura လေးတွေဟာ ဂမ္ဘီရစိတ်စွမ်းအင်နဲ့ ပတ်သက်တဲ့ကိစ္စရပ်တွေမှာ အများကြီး ကူညီပေးတတ်တဲ့ ကျောက်လေးတွေဖြစ်ပါတယ်။ သူတို့လေးတွေဟာ သင့်ကို အထက်ပုဂ္ဂိုလ်အစောင့်အရှောက်တွေနဲ့ ချိတ်ဆက်ပေးတတ်ကြတယ်လို့ ယုံကြည်ခြင်းခံရပါတယ်။ ဒါတင်မကဘဲ အကြောက်တရားတွေ၊ အိမ်မက်ဆိုးတွေကနေ ကျော်လွှားနိုင်အောင်ကူညီပေးနိုင်တဲ့ စွမ်းအင်တွေကိုလည်း ပိုင်ဆိုင်ကြပါသေးတယ်။

အဏ္ဏဝါရောင်လွှာ (သို့) Aqua Aura ‌လေးကတော့ စိတ်ဖိအား များတဲ့ကာလတွေမှာ အထူးအထောက်အကူပြုပြီး ခံစားချက်တွေကို တည်ငြိမ်နေအောင် ကူညီပေးပါသေးတယ်။ ဒါ့အပြင် မိမိရဲ့ ပတ်ဝန်းကျင်ကို ပျော်ရွှင်ခြင်းတွေ၊ အေးချမ်းခြင်းတွေ နဲ့ ကောင်းမွန်တဲ့ စွမ်းအားတွေကို သယ်ဆောင်လာပေးနိုင်စွမ်းလည်း ရှိပါတယ်။ 

ခရမ်းစွဲရောင်လွှာ (သို့) Amethyst Aura Crystal လေးတွေကတော့ သင့်ကို ရည်မှန်းချက်ကြီးမားစေပြီး တီထွင်ကြံဆမှုလည်း များစေပါတယ်။ ကိုယ့်ကိုယ်ကို ပိုပြီးနားလည်လာအောင်ပြုလုပ်ပေးပြီး မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာရှိနေစေတဲ့ လမ်းပြကျောက်လေးဖြစ်ပါတယ်။ ဒါတွေတင်မကဘဲ မိမိမှာရှိနေနိုင်တဲ့ မသိစိတ်၊ မကောင်းတဲ့အကျင့်တွေနဲ့ အငွေ့အသက်တွေကိုလည်း ပျောက်ကင်းအောင်ပြုလုပ်ပေးနိုင်စွမ်းရှိပါသေးတယ်။ 

သက်တံရောင်လွှာ (သို့) Rainbow Aura Crystal လေးတွေဟာ ဘဝရဲ့အရေးကြီးတဲ့ အဆုံးအဖြတ်တွေချတဲ့အခါ အထောက်အကူပြုပါတယ်။ ဒီ Crystal လေးတွေဟာ ချက္ကရတွေအချင်းချင်းကြားမှာ ရှိနေတဲ့ စွမ်းအင်တွေကို သဟဇာတဖြစ်အောင် ကူညီပေးပြီး စွမ်းအင်ပိတ်ဆို့နေမှုတွေကို ရှင်းလင်းပေးတဲ့နေရာမှာလည်း ကူညီပေးပါသေးတယ်။

အတိုချုပ်ပြောရမယ်ဆိုရင် လူတိုင်းမှာ ကိုယ်ရောင်ကိုယ်ဝါ ကိုယ်စီရှိကြပြီး ဒီအရောင်အဝါတွေဟာလည်း လူတစ်ယောက်ချင်းစီရဲ့ အနေအထိုင်၊အပြုအမူ၊ အပြောအဆိုတွေရဲ့ ကောင်းခြင်း၊ ဆိုးခြင်းပေါ်မူတည်ပြီး ပြောင်းလဲသွားနိုင်ပါတယ်။ ကောင်းမွန်တဲ့ ကိုယ်ရောင်ကိုယ်ဝါကိုပိုင်ဆိုင်ထားတဲ့ လူတစ်ယောက်ရဲ့မျက်နှာအနေအထားဟာ ကြည်လင်ရှင်းပျပြီး ကျက်သရေတွေနဲ့ ပြည့်ဝနေတတ်ပါတယ်။ 

လူတစ်ယောက်ရဲ့ ကိုယ်ရောင်ကိုယ်ဝါ (သို့) Aura ကိုနဂိုအတိုင်းပြန်ရလာအောင် (သို့) ပိုမိုကောင်းမွန်လာအောင်လုပ်လို့ရနိုင်လားလို့ မေးရင် အဖြေကတော့ ရနိုင်ပါတယ်။ မိမိကိုယ်ကို (သို့မဟုတ်) သူတစ်ပါးအပေါ် မှားယွင်းတဲ့ ကိုယ်ထိလက်ရောက် ကျူးလွန်မှုတွေ ပြုလုပ်မိပြီး နောက်ဆက်တွဲအနေနဲ့ ကိုယ်ရောင်ကိုယ်ဝါ မှေးမှိန်သွားမှုတွေကိုတော့ ခရမ်းစွဲရောင်လွှာ (Amethyst Aura Crystal) လေးဆောင်ထားပြီး ပြန်လည်ပြုပြင်လို့ရပါတယ်။ အလားတူပဲ သူတစ်ပါးအပေါ် မနာလိုစိတ်တွေ၊ မကောင်းတဲ့စိတ်တွေကြောင့် အကျိုးဆက်ခံရတတ်တဲ့ ကိုယ်ရောင်ကိုယ်ဝါ မှေးမှိန်မှုတွေကိုတော့ အရောင်တင်ထားတဲ့ သလင်းကျောက် (Aura Quartz Crystal) လေးက ပြုပြင်ပေးနိုင်ပါတယ်။ 

Aura Crystal တိုင်းမှာ သူ့စွမ်းအင်နဲ့သူရှိတတ်ကြပြီး လိုအပ်ခဲ့ရင် Labradorite ကျောက်ကိုလည်း လူတွေရဲ့ မကောင်းတဲ့ အငွေ့အသက် တွေကို ရှင်းပေးတဲ့နေရာမှာ အသုံးပြုနိုင်ပါသေးတယ်။ Aura Crystal လေးတွေ ဖြစ်လာဖို့ရာအတွက် ခက်ခက်ခဲခဲဖြစ်စဉ်တွေကိုကျော်ဖြတ်ခဲ့ရတာကြောင့် သူတို့ကိုဆောင်ထားတဲ့လူတွေကိုလည်း ဆူကြုံနိမ့်မြင့် လောကဓံတရား အမျိုးမျိုးတွေကြုံလာရတဲ့အခါ ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ဖို့ စိတ်စွမ်းအင်တွေ လက်ဆင့်ကမ်းပေးတတ်တဲ့ အဖော်မွန်လေးတွေဖြစ်ကြပါတယ်။ သူတို့လေးတွေအပေါ် ယုံကြည်မှုစွမ်းအားပိုမြင့်မားလေလေ  ကျောက်လေးတွေရဲ့ဆောင်ထားသူအပေါ် အထောက်အပံ့ပြုနိုင်စွမ်း ပိုမြင့်မားလေလေပဲ ဖြစ်ပါတယ်။

 

ဒီနေ့ပို့စ်လေးကို အစအဆုံးဖတ်ပေးကြတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ နောက်တင်မယ့် ပို့စ်လေးတွေမှာ ပြန်လည်ဆုံတွေ့ကြရအောင်နော်။ အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေလို့ Ruby Mo Mo Jewelry စာမျက်နှာမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။