အယ်လစ်ဇဘတ်ဘုရင်မကြီးရဲ့ နန်းစဉ်ရတနာများ

ဘုရင်မကြီးဟာ အင်္ဂလန်နိုင်ငံရဲ့ သမိုင်းတစ်လျှောက် နန်းသက်အရှည်ဆုံး ထီးနန်းစိုးစံသူဖြစ်ပြီး သက်တော် ၉၆ နှစ်နဲ့ နန်းသက် နှစ် ၇၀ တို့ တည်ရှိခဲ့သူဖြစ်ပါတယ်။ သူမ ထီးနန်းအုပ်ချုပ်ရာသက်တမ်းတစ်လျှောက်မှာလည်း ပြည်သူလူထုနဲ့ ပတ်သက်တဲ့ ပြဿနာတွေကို ဖြေရှင်းပေးခဲ့ပြီး လူအများစုရဲ့ ချစ်ခင်နှစ်သက်ခြင်းနဲ့ သတိရလွမ်းဆွတ်မှုကို ရရှိနိုင်ခဲ့တဲ့အပြင် တော်ဝင်မိသားစုရဲ့ ဂုဏ်သိက္ခာကို အကောင်းဆုံး ထိန်းသိမ်းတန်ဖိုးထားမြတ်နိုးသူတစ်ဦးအဖြစ်ပါ လူတွေက သိရှိကြပါတယ်။ 

အယ်လစ်ဇဘတ်ဘုရင်မကြီး ကွယ်လွန်သွားပြီးနောက်ပိုင်းမှာတော့ လူအများက သူသက်ရှိထင်ရှားရှိခဲ့စဉ်က ဝတ်ဆင် ဆင်မြန်းခဲ့ဖူးတဲ့ နန်းစဉ်ရတနာတွေကိုလည်း စိတ်ပါဝင်စားလာကြပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ စာဖတ်သူတွေအတွက် ဘုရင်မကြီးရဲ့ နန်းစဉ်ရတနာတွေထဲက နာမည်အကြီးဆုံးတွေကို ကောက်နုတ်တင်ပြပေးသွားမှာပဲဖြစ်ပါတယ်။ 

ပထမဆုံးတစ်ခုကတော့ The Diamond Diadem လို့ခေါ် တဲ့ သရဖူဖြစ်ပါတယ်။ ဒီသရဖူကို ၁၈၂၀ ခုနှစ်က လန်ဒန်မြို့မှာ အခြေစိုက်ဖွင့်လှစ်ထားတဲ့ ကျောက်မျက်ရတနာဆိုင်တစ်ခုကနေ ပြုလုပ်ဖန်တီးခဲ့တာဖြစ်ပြီး စိန်ပေါင်း ၁၃၃၃ ခု၊ ပုလဲ နဲ့ ကြက်ခြေခတ်ပုံ ရတနာတို့နဲ့ အင်္ဂလန်နိုင်ငံရဲ့ အမှတ်အသားကို ကိုယ်စားပြုထားတာလည်း ဖြစ်ပါတယ်။ ဒီသရဖူဟာ ၁၈၂၁ ခုနှစ်မှာကျင်းပမယ့် စတုတ္ထမြောက် ဂျော့ဘုရင်ရဲ့ နန်းတက်ပွဲအတွက် ပြုလုပ်ခဲ့တာဖြစ်ပြီး မျိုးရိုးစဉ်ဆက် အမွေအနှစ်တစ်ခုလည်း ဖြစ်ပါတယ်။ 

နောက်တစ်ခုအနေနဲ့ကတော့ the Vladimir Tiara လို့ခေါ်တဲ့ သရဖူပါ။ ပလက်တီနမ်ရယ် ရွှေရယ်ကို အဓိကထားသုံးထားပြီး စိန်တွေဝန်းရံထားတဲ့ ဒီသရဖူဟာ စက်ဝိုင်းပုံကွင်းတွေကြားမှာ မြရတနာကိုလည်း ထည့်သွင်းထားပါသေးတယ်။ စိတ်ဝင်စားဖို့ကောင်းတဲ့ အရာကတော့ အဲ့ဒီမြရတနာတွေက ဖြုတ်လို့ တပ်လို့ရပြီး ပုလဲရတနာနဲ့လည်း အစားထိုးအသုံးပြုနိုင်အောင် အရှင်တပ်ထားတဲ့ အချက်ဖြစ်ပါတယ်။ ထိုခေတ်အခါအနေနဲ့ဆိုရင် ခေတ်မီဆန်းပြားတဲ့ ဒီဇိုင်းတစ်ခုဖြစ်ပါတယ်။ The Vladimir Tiara ဟာ အဲလိဇဘတ်ဘုရင်မကြီး၏ခင်ပွန်းဖြစ်သူ ဖိလစ်မင်းသားအဖေဖက်က ပထမဝမ်းကွဲအစ်မဖြစ်သူ မြို့စားကတော် Maria Pavlovna ပိုင်ဆိုင်ခဲ့တဲ့ သရဖူလည်းဖြစ်ပါတယ်။ 

တတိယတစ်ခုကို ဆွေးနွေးရရင် ဘုရင်မကြီး မေရီ (Queen Mary) ရဲ့ မြေးဖြစ်သူ အယ်လစ်ဇဘတ်ဘုရင်မကြီး မင်းသမီးဖြစ်စဉ်က လက်ထပ်ပွဲအခမ်းအနားအတွက် မင်္ဂလာလက်ဆောင်ဖြစ်တဲ့ Girls of Great Britain and Ireland Tiara သရဖူကို  ပြောရမှာပါ။ မင်းသမီး အယ်လစ်ဇဘတ်ဟာ နိုဝင်ဘာလ၊ ၁၉၄၇ ခုနှစ်မှာ ဘုရင်မကြီး မေရီထံကနေပြီး မင်္ဂလာလက်ဆောင်အဖြစ် ထိုသရဖူကို လက်ခံရရှိခဲ့တာဖြစ်ပါတယ်။ ထိုသရဖူက ဘုရင်မကြီး မေရီအတွက်လည်း သူမထိမ်းမြားလက်ထပ်စဉ်က ရရှိခဲ့တဲ့ လက်ဆောင်ဖြစ်ပါတယ်။ 

နာမည်အကြီးဆုံးနဲ့  လူစိတ်ဝင်စားမှုအရှိဆုံး သရဖူကတော့ ကမ္ဘာ့အရှားပါးဆုံးနဲ့ တန်ဖိုးအကြီးရတနာတွေပါဝင်တဲ့ Imperial State Crown ပဲဖြစ်ပါတယ်။ ဒီသရဖူမှာ ကျိန်စာသင့်တယ်လို့ နာမည်ကြီးတဲ့ ကိုဟီးနူးစိန်အပြင် ကမ္ဘာ့အကြီးဆုံးစာရင်းဝင် Cullinan II စိန်တုံးကြီးနဲ့ Stuart နီလာ၊ St Edward နီလာတို့ပါ ထည့်သွင်းပြုလုပ်ထားခြင်းကြောင့် ဖြစ်ပါတယ်။ မြန်မာတို့ရဲ့ ကုန်းဘောင်ခေတ် နန်းစဉ်ရတနာကြီးဖြစ်တဲ့ ပတ္တမြားငမောက်ကိုလည်း ထိုသရဖူမှာ တပ်ဆင်ထားတယ်လို့ နာမည်ကြီးပေမယ့် အမှန်မှာတော့ အင်ပရီရယ်သရဖူက ပတ္တမြားဟာ ပတ္တမြားအစစ်မဟုတ်ဘဲ စပင်နယ်ကျောက်အမျိုးအစား ဖြစ်ကြောင်းလည်း Royal Collection Trust  ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။ အင်ပရီရယ်သရဖူကို ၁၉၃၇ ခုနှစ်မှာ လန်ဒန်မြို့အခြေစိုက် ကျောက်မျက်ရတနာဆိုင်ဖြစ်တဲ့ Garrard & Company ကနေ ဖန်တီးခဲ့တာဖြစ်ပြီး သမိုင်းအရ ဆဋ္ဌမမြောက် ဂျော့ဘုရင်ရဲ့ နန်းတက်ပွဲအတွက်ကို ဗစ်တိုးရီးယားဘုရင်မကြီးရဲ့သရဖူကို အခြေခံထားတာလို့လည်း ဆိုထားပါတယ်။ ရွှေနဲ့ပြုလုပ်ထားပြီး စိန် (၂၈၆၈) လုံး၊ နီလာ (၁၇) လုံး၊ မြ (၁၁) လုံး၊ ပုလဲပေါင်း (၂၆၉) လုံးနဲ့ ပတ္တမြား () ခုတို့ပါဝင်တဲ့ ထိုသရဖူကို တော်ဝင်ဘုရင်တွေ နန်းတက်ပွဲအပြီး Westminster Abbey ကိုထွက်တဲ့အခါ ဆောင်းလေ့ရှိပါတယ်။ အဲလိဇဘတ်ဘုရင်မကြီးကိုယ်တိုင်လည်း ပါလီမန်ဖွင့်ပွဲတွေမှာပါ ဆောင်းခဲ့ပါတယ်။ 

နောက်ထပ် သရဖူတစ်ခုက ဘုရင်မကြီးနှစ်ခြိုက်တဲ့ အဆင်အယင်တွေထဲက တစ်ခုလည်း ဖြစ်တဲ့ the Burmese Ruby Tiara ပဲဖြစ်ပါတယ်။ ဒီသရဖူကတော့ အယ်လစ်ဇဘတ်ဘုရင်မကြီး ထိမ်းမြားလက်ထပ်စဉ်အခါက လက်ဆောင်အဖြစ် မြန်မာပြည်က ဆက်သခဲ့တဲ့ ပတ္တမြားဆွဲကြိုးကို အသုံးပြု ဖန်တီးထားတာဖြစ်ပါတယ်။ ဒီသရဖူကို ၁၉၇၃ ခုနှစ်မှာ Garrard & Co. ကနေပဲ ပြုလုပ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။ 

နောက်ဆုံးတစ်ခုအနေနဲ့ ပြောပြပေးချင်တာကတော့ Queen Elizabeth II’s Halo Tiara ဖြစ်ပါတယ်။ Cartier က ဒီဇိုင်းဆွဲဖန်တီးပေးခဲ့ပြီး ကျောက်မျက်ရတနာ ၇၃၉ လုံးနဲ့ စိန်တုံး ၁၄၉ လုံးတို့နဲ့ အလှဆင်ထားတာဖြစ်ပါတယ်။ ဒီသရဖူကို ဆဋ္ဌမမြောက် ဂျော့ချ်ဘုရင်ဟာ York မြို့ရဲ့ မြို့စားအဖြစ်ရှိစဉ်အခါက ဝယ်ယူခဲ့ပြီး အဲလိဇဘတ်ဘုရင်မကြီး (ဘုရင်မကြီးအမေ) အတွက် လက်ဆောင်အဖြစ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။ ဘုရင်မကြီးရဲ့အမေကနေ သူ့သမီးဖြစ်သူရဲ့ ၁၈ နှစ်ပြည့်မွေးနေ့လက်ဆောင်အဖြစ် ပြန်လည်ပေးအပ်ခဲ့တဲ့ ရတနာတစ်ခုပါ။ Halo Tiara ကို ယခုလက်ရှိ ဝေလမင်းသမီးဖြစ်သူ Kate Middleton ကလည်း သူမနဲ့ မင်းသား ဝီလျံတို့ရဲ့ မင်္ဂလာအခမ်းအနားမှာ ဆင်မြန်းဝတ်ဆင်ခဲ့ပါသေးတယ်။ 

အယ်လစ်ဇဘတ်ဘုရင်မကြီးဟာ စကော့တလန်မြို့မှာရှိတဲ့ သူမရဲ့အပန်းဖြေစခန်း Balmoral ခံတပ်ကြီးမှာ စက်တင်ဘာလ () ရက်နေ့ ၂၀၂၂ ခုနှစ်၊ ကြာသပတေးနေ့က ငြိမ်းချမ်းစွာ ကွယ်လွန်သွားခဲ့ပါတယ်။ သူမ၏ရုပ်ကလာပ်ကို ပြည်သူတွေ ဂါရဝပြုလို့်ရအောင် Westminster ဘုရားကျောင်းကြီးမှာ မြေမချခင် ဒီအပတ် တနင်္ဂနွေအထိ ထားရှိသွားမှာဖြစ်တယ်လို့ Royal Family မှ ပြောကြားထားပါတယ်။ ဘုရင်မကြီးရဲ့ခေါင်းတလားပေါ်မှာတော့ သူမရဲ့ အင်ပရီရယ်သရဖူနဲ့ တောင်ဝှေးတို့ကို တင်ထားတာကို တွေ့ရမှာပါ။ ဘုရင်မကြီးရဲ့ တိုင်းပြည်နဲ့ လူထုအပေါ် ပေးဆပ်ခဲ့တဲ့ လူမှုအကျိုးပြုလုပ်ရပ်တွေကို အင်္ဂလန်ပြည်သူတွေသာမကဘဲ တစ်ကမ္ဘာလုံးက မှတ်မှတ်ထင်ထင် ရှိနေကြမှာ ဖြစ်ပါတယ်လို့ မှတ်ချက်ပြုရင်း ဒီပို့စ်လေးကို အဆုံးသတ်လိုက်ပါတယ်။ အားလုံးပဲ ပြန်လည်ဆုံတွေ့ကြပါဦးမယ်ရှင်...

ကိုးကားစာများ : Royal Collection Trust, FoxNews, The Tower of London, Wikipedia

ပုံများ : Royal Collection Trust/ © Her Majesty Queen Elizabeth 2022